ii t">
 ရယူမှုအတွက် ပြန်ပြီးပေးဆပ်ရတယ်

အနုပညာ သက်တမ်း ၁၀ နှစ်တာ ကာလမှာ သရုပ်ဆောင် အနုပညာ အတွက် ကြိုးစားမှုတွေ ပြုလုပ်လာတဲ့ နေတိုးက ဒီနေ့ အချိန်မှာတော့ အကယ်ဒမီ ဆိုတဲ့ ဆုကို ရရှိ ပိုင်ဆိုင် ထားပါပြီ။

 နေရာတိုင်းမှာ ပန်းတိုင် ဆိုတာ ရှိပါတယ်။ အဲဒီ ပန်းတိုင်ဆီ ရောက်ဖို့တော့ လုံ့လ၊  ၀ီရိယများစွာနဲ့ ကြိုးစား လျှောက်လှမ်းမှ ရမှာပါ။ နေတိုးက အနုပညာ သက်တမ်း ၁၀ နှစ်  အတွင်းမှာ ကြိုးစားခဲ့လို့ သရုပ်ဆောင်တွေရဲ့ ပန်းတိုင် တစ်ခုဖြစ်တဲ့၊ အောင်မြင်မှု  တစ်ခုဖြစ်တဲ့  အကယ်ဒမီ ဆိုတာကို ရရှိခဲ့ပါပြီ။ နေတိုးက ဘယ်ဇာတ်ကောင် စရိုက်မှာပဲ  ဖြစ်ဖြစ် ကြိုးစား  သရုပ်ဆောင်သလို ပုံစံတွေ ပြောင်းပြီး ရိုက်ကူးတတ်ပါ သေးတယ်။  နေတိုးရဲ့  အပြင်ပုံပန်းသဏ္ဌာန် နေထိုင်လှုပ်ရှားမှုကိုကြည့်ရင် အေးတိအေးစက်နဲ့  နေတတ်တာကို  မြင်တွေ့ ရမှာပါ။ သရုပ်ဆောင် တော့မယ်၊ ဇာတ်ကောင်  စရိုက်ဝင်စားပြီဆိုတာနဲ့ နေတိုးရဲ့  ပုံစံက လုံးဝကို ပြောင်းသွားပါပြီ။ ဒါကြောင့် သူ့ရဲ့ပုံစံကို ကြည့်ပြီး အနုပညာ မှော်ဝင်ရင်  မရတော့တဲ့ ပုံစံမျိုး အဖြစ် ဒါရိုက်တာ  ညီညီထွန်းလွင်က ဇာတ်ကားတစ်ကား အဖြစ် ဖန်တီးပါသေးတယ်။ အလန်းဇယား ဆိုတဲ့  ရုပ်ရှင် ဇာတ်ကားပါ။


 နေတိုးက လောလော ဆယ်မှာတော့ ရုပ်ရှင်ဇာတ် ကားတွေ ရိုက်ရင်း ပြည်ပ ဖျော်ဖြေပွဲတွေလည်း သွား ဖြစ်နေပါတယ်။ နှင်းဆီ  အဖွဲ့သားတွေနဲ့ ၂၀၁၁ ဖေဖော်ဝါ ရီလဆန်းမှာ မလေးရှားကို အငြိမ့် ဖျော်ဖြေမှု သွားခဲ့တာပါ။ နှင်းဆီ အဖွဲ့သားတွေနဲ့  လက်တွဲညီညီ လုပ်ဆောင် လာတဲ့နေတိုး ၂၀၀၉ ခုနှစ် အတွက် အကယ်ဒမီ ရမယ် ဆိုတာ အားလုံးက ခန့်မှန်းပြီး သားပါ။  ရကိုရရမယ် ဆိုပြီး တွေးထင်ထားကြတဲ့ သူတွေ ရဲ့ဆန္ဒက ၂၀၁၁ ဇန်န၀ါရီ ၂၃ ရက်မှာ ပြည့်ဝသွားပါပြီ။ သရုပ်ဆောင်  နေတိုးကနေ အကယ်ဒမီ နေတိုးဆိုပြီး ဖြစ် သွားပေမယ့် နေတိုးရဲ့ စိတ်နေစိတ်ထား၊ လှုပ်ရှားမှု ပုံသဏ္ဌာန် ဘာတွေ  ပြောင်းသွားမလဲ ဆိုတာ စိတ်ဝင် စားစရာပါ။


 ၂၀၁၁ မတ်လထုတ် ရွှေအမြုတေ မဂ္ဂဇင်း အတွက် ဓာတ်ပုံရိုက်ဖို့ စီစဉ် နေချိန်မှာ နေတိုးက အကယ်ဒမီ မရသေးပါဘူး။  အကယ်ဒမီ ရမယ် ဆိုတာ ကျိန်းသေနီးပါး ဖြစ်နေတဲ့ အတွက် ရွှေအမြုတေ မဂ္ဂဇင်း မျက်နှာဖုံး ရိုက်ဖို့ ဆရာ ဦးဝင်းငြိမ်းက စီစဉ်  ပေးတာပါ။ မျက်နှာဖုံး ရိုက်ရမယ့်ရက်၊ ပြင်ဦးလွင် သွားမယ့်ရက်၊ ကျောက်ဖြူမှာ အကျိုးပြု ဇာတ်ကား သွားရောက်  ရိုက်ကူးရမှာတွေ ရှိတဲ့ နေတိုးကို အချိန်လုပြီး ဓာတ်ပုံရိုက်ရ တာပါ။ ဓာတ်ပုံ ရိုက်ကူးရာမှာ ဓာတ်ပုံကိုလင်း (Studio-K)နဲ့  ရိုက်ကူးမယ့် နေရာကို ရွေးချယ်ကြတော့ ဗန္ဓုလ တံတား အဆင်းနားက ကားပျက်တွေ ထားတဲ့ နေရာမှာ ရိုက်ဖို့ စီစဉ်  ဖြစ်ကြပါတယ်။ ဒါပေမဲ့ အဲဒီ နေရာမှာ ရိုက်ရဖို့ အဆင် မပြေပါဘူး။ ရွှေအမြုတေ အနေနဲ့ တစ်ခါမှ မရိုက်ဖူးဘူးသေးတဲ့ နေရာ၊  နေတိုးရဲ့ပုံစံနဲ့ လိုက်ဖက်မယ့် နေရာကို ရွေးချယ်ရာမှာ ဗိုလ်တထောင် ဆိပ်ကမ်းဘက်မှာ ရိုက်ဖို့ ဓာတ်ပုံကိုလင်း(Studio-K)က  ရွေးချယ်ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်မယ့် နေ့မှာ နေတိုးက အဆင် ပြေသလိုမျိုး ကျွေးမွေးတာ လုပ်တယ်။ အလှူကတော့ ပထမဆုံး  အလှူလည်း ဖြစ်တယ်။ ပထမဆုံး အကယ်ဒမီလည်း ဖြစ်တယ်။ အလှူအတန်း ဆိုတာကလည်း ကိုယ်နဲ့မကွာ လှူဒါန်း နေဖို့က  တကယ် လိုအပ်တယ်။ လိုအပ်တော့ အကယ်ဒမီ ရလို့ လှူတယ်ရယ်လို့လည်း မဟုတ်ပါဘူး။ ဒါကတော့ အကယ်ဒမီရဲ့  အထိမ်းအမှတ် အနေနဲ့သာ လှူဒါန်းတဲ့ သဘောပါ။

 အဲဒီတော့ ကျွန်တော် ရွေးချယ်တဲ့ အချိန်မှာ သံဃာရယ်၊ လူကြီးရယ်၊ ကလေးရယ်ကို ရွေးချယ်ဖြစ်တယ်။ ဒီအသက်အရွယ်  သုံးမျိုးကတော့ တကယ် လှူဒါန်းတဲ့ အချိန်မှာ တကယ် ထိရောက်နိုင်တဲ့၊ တကယ်လိုအပ် တဲ့ အသက်အရွယ်  အပိုင်းအခြားလည်း  ဖြစ်တော့ ရွေးချယ် လိုက်တာပါ။ သံဃာ ဆိုတာကလည်း နေရာတိုင်းမှာ ရှိတာကိုး။ ဇီဝိတဒါန သံဃာ့ဆေးရုံ  ဆိုရင် တစ်ခုတည်း  ရှိတယ်လေ။ ဒီဆေးရုံမှာ နာမကျန်း ဖြစ်တဲ့ သံဃာ တော်တွေ အတွက် လှူဒါန်းတယ်။

 ကလေး၊ အဘိုး၊ အဘွား၊ ဘုန်းကြီး ဒီသုံးမျိုးကို လှူဒါန်းဖို့ ဘယ်လိုစိတ် ကူးရခဲ့တာလဲ။
 ကိုယ်ကိုယ်တိုင်ပဲ စိတ်ကူး ဖြစ်လာခဲ့တာပါ။ ကိုယ်တိုင် ဖြစ်လာတာက ဇီဝိတဒါန ဆေးရုံမှာက ကျွန်တော့် မွေးနေ့တိုင်း   လှူဖြစ်တယ်။ မွေးနေ့တိုင်း လှူဖြစ်တယ် ဆိုပေမယ့် အရင် မွေးနေ့တွေမှာ လှူတာထက်ကို ပိုပြီး ထိရောက်တဲ့ လှူဒါန်းမှု တစ်ခု  ပေါ့နော်၊ ဘိုးဘွားကတော့ ကျွန်တော် မလှူဖြစ်ဘူး။ ဒါ ပထမဆုံး လှူဖြစ်တာ၊ လှူတယ် ဆိုတာက ဘယ်လိုကြောင့်ရယ်လို့  မဟုတ်ပါဘူး။ စိတ်ထဲမှာ လှူချင်တဲ့ စိတ်သဒ္ဓါတရား ပေါ်လာလို့ ပေါ့။

 နေတိုးပဲ အကယ်ဒမီ ရမယ် တစ်ကြိုပြေးနေတော့ အကယ်ဒမီမရခင်ကတည်းက ဒီလိုလှူမယ်လို့ ဆုံးဖြတ်ထား  သေးလား။
 ကျွန်တော် အကယ်ဒမီ ရမယ်ဆိုပြီး ယုံယုံကြည် ကြည်နဲ့ နေခဲ့တာ မဟုတ်ဘူး။ အဲဒီတော့ ဒါမျိုးဖြစ်ရင်  လှူမယ်ဆိုပြီး လုပ်ခဲ့တာ  မဟုတ်ပါဘူး။ လှူဒါန်းရတဲ့ စိတ်ပေါ်မှာပဲ မူတည်တယ်။ ကျွန်တော် အခု လှူဒါန်းမှုတွေ   ရေစက်မချဘူးလေ။ အဓိကက  လှူဒါန်းမှု အထမြောက်ဖို့ စေတနာသုံးတန်ပြတ်ဖို့ လိုအပ်တယ်။လှူဒါန်းမှု အတွက် သိရမယ့် အရာ တစ်ခုပေါ့။  လှူဒါန်းမှုအပေါ်မှာ  စေတနာ သုံးတန် ပြဋ္ဌာန်းပြီးတော့ လှူဒါန်းခဲ့တယ်။ အကြိမ်ကြိမ်ပဲ။ အခု အချိန်မှာလည်း ကျွန်တော်  လှူဒါန်းတယ်။  ကိုယ့်ရဲ့အောင်မြင်မှု အတွက် ဒါလှူဒါန်းမှု တစ်ခု၊ ပြီးရင် ပရိသတ်ရဲ့ သာဓုခေါ်မှု၊ အဲဒီ အပေါ်မှာလည်း ပီတိ  ဖြစ်ချင်တယ်။  အဲဒီစိတ်ကြောင့် လှူဒါန်း လိုက်တာပါ။

 ကျွေးမွေးဧည့်ခံတာကို အကျဉ်းချုံးပြီး လုပ်တာပေါ့။
 အကျဉ်းချုံးတယ် ဆိုပေမယ့် အနည်းစုလေးကနေ အကျယ်ချဲ့တဲ့ သဘောပါပဲ။ ဇာတ်ကားရိုက်နေတဲ့ အတွက် ရှုတင်ကိုလည်း  အမီပြေးရမှာပါ။ ရှုတင်ကို အမီရောက်အောင်၊ ဓာတ်ပုံရိုက်ရင်လည်း နေအရမ်း မပြင်းအောင် ခပ်စောစောပဲ  ချိန်းလိုက်ကြပါတယ်။  နေတိုးက အိမ်ကနေ တစ်ခါတည်း ဓာတ်ပုံရိုက်ဖို့ အဆင်သင့် ပြင်လာပြီး သူ့အိမ်မှာ မွေးထားတဲ့  ခွေးတစ်ကောင်ကိုပါ  ခေါ်လာခဲ့တာပါ။ ဒီခွေးလေးနဲ့ ဓာတ်ပုံရိုက်ဖို့ နေတိုးက ပြင်ဆင်လာတာ ဖြစ်ပေ မယ့် အပြင်ကို  သိပ်မထွက်ဖြစ်တဲ့ ခွေးလေးက  အနည်းငယ် ကြောက်နေတာမို့ ဓာတ်ပုံ ရိုက်ဖို့ အဆင်မပြေခဲ့ပါဘူး။ ရသလောက် ရိုက်ပြီး  ဗိုလ်တထောင် ဆိပ်ကမ်းနားမှာပဲ  အလှဆုံး ဖြစ်အောင် ရိုက်ကြပြီး Indoor မှာလည်း ရိုက်ဖို့ ပြင်ဆင်ကြပါတယ်။ ဇာတ်  ကားရိုက်ကူးမှုတွေ ဆက်တိုက် ဖြစ်နေတဲ့  နေတိုးက ဓာတ်ပုံ ရိုက်ကူးမှုကို ရတဲ့ အချိန်လေး အတွင်းမှာ အကောင်းဆုံး  ဖြစ်အောင် သရုပ်ဆောင် ပေးတာပါ။

 ဓာတ်ပုံ ရိုက်ကူး အပြီးမှာ အင်တာဗျူး မလုပ်ဖြစ်သေးဘဲ အကယ်ဒမီ ရပြီးချိန် မှာမှ မေးမြန်း ဖြစ်ခဲ့ပါတယ်။ ဟိုင်း...ဘော့စ် ဆိုတဲ့  ရုပ်ရှင် ဇာတ်ကားရိုက်ရင်း၊ မလေးရှား ဖျော်ဖြေရေး ခရီးသွားဖို့ စီစဉ်ရင်း မေးမြန်းမှုတွေကို ဖြေပေးတာပါ။ နေတိုးက အကယ်ဒမီ  ရရှိခြင်း အထိမ်း အမှတ် ဧည့်ခံပွဲ မလုပ်ဘဲ အလှူ များပဲ လုပ်ဖြစ်နေပါတယ်။

 အကယ်ဒမီဆု ရတဲ့ အတွက် သူငယ်ချင်း၊ မိတ် ဆွေတွေနဲ့ ဧည့်ခံပွဲမလုပ်ဘဲ အလှူအတန်းတွေပဲ လုပ်ဖြစ် တယ်နော်၊  ဘယ်လိုရည်ရွယ် ချက်နဲ့ လုပ်ဖြစ်တာလဲ။
 ပွဲရယ်လို့ သီးသန့် မဟုတ်ပေမယ့် ကျွေးဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို တသီးတသန့် ပွဲတော့ မလုပ် ဖြစ်ဘူး။ ပွဲလုပ်ရင်  ဖိတ်ရတော့မယ်၊ ဖိတ်စာတွေ လုပ်ရမယ်၊ ရှုပ်လို့၊ အဲဒါကြောင့်ပါ။ အကယ်ဒမီ ရလို့ မိတ် ဆွေ၊ ညီအစ်ကို မောင်နှမ၊  သူငယ်ချင်းတွေ၊ အနုပညာ ညီအစ်ကို မောင်နှမတွေကို ဇာတ်ကားရိုက်ရင်း နီးစပ်ရာနဲ့ အခု အချိန်ကနေ နှစ်ဝက်လောက်ထိ  သွားမှာပေါ့။ ကားရိုက် နေရင်းနဲ့ ကျွေးလိုက်နဲ့၊ ဒါကလည်း သူငယ်ချင်းတွေကို ဧည့်ခံတာပဲ။ အမှတ်တရတွေက လိုအပ်ပါတယ်။  ဒါပေမဲ့ အဓိကက ကိုယ့်ကို ဂုဏ်ယူ ၀င့်ကြွားစွာနဲ့ အကယ်ဒမီ ရတဲ့ အတွက် ကျွေးမွေးတယ်။ ပွဲတစ်ခု လုပ်မယ်ဆိုရင်  နေရာထိုင်ခင်းနဲ့ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ ၁၀ နှစ်တာမှာ လူတွေ အများကြီးပဲလေ။ အဲဒီ နေ့မှာ ကျန်ခဲ့ရင် အားနာစရာ  တွေဖြစ်လိမ့်မယ်။ အဲဒီကနေ နောက်ဆက်တွဲ ဖြစ်လာမယ့် အကြောင်းအရာတွေကို မတွေးချင်ဘူး၊ မပြောချင်ဘူး။  ပွဲရဲ့နောက်ဆက်တွဲ ကိစ္စ လေးတွေကို ကျွန်တော် ရှောင်လိုက်တာပါ။

 အနုပညာသက်တမ်း ၁၀ နှစ်တာ ကာလကို ရောက်ပြီဆိုတော့ အနုပညာ သက်တမ်း ဘယ်နှနှစ်မှာ အကယ်ဒမီရမယ် ဆိုပြီး တွေးထားတာ၊ စဉ်းစားထားတာမျိုး ရှိသေးလား။
 အဲဒီလိုမျိုးလည်း မရှိပါဘူး။ ကျွန်တော့် အနုပညာနဲ့ ကျွန်တော့် ပရိသတ်ကြားမှာ အကောင်းဆုံးနဲ့ ကိုယ် အလုပ်နိုင်ဆုံး  အချိန်အခါမှာ ကိုယ်အတတ်နိုင်ဆုံး ကြိုးစားမယ် ဆိုတဲ့ စိတ်ကူးမျိုးပဲ ရှိပါတယ်။

 “မိုးည အိပ်မက်မြူ” ရိုက်ပြီးချိန်မှာ အကယ်ဒမီ ရပြီဆိုပြီး တထစ်ချ ယုံကြည် ထားခဲ့လား။
 အဲဒီလိုမျိုးတော့ မရှိဘူး။ ပြီးသွားတဲ့ အချိန်မှာတော့ မကြည်ဖြူသျှင်က ပြောပါတယ်။ နေတိုး အနေနဲ့ ရှေ့မှာ မျိုးစုံ လွဲခဲ့တယ်။  ဒီကားမှ မပေးရင် ပေးစရာ မရှိဘူးလို့ ပြောတယ်။ အဲဒီလို ဆိုတော့ အဲဒီ အချိန်တုန်းက ကျေနပ်ခဲ့တယ်။ ကျွန်တော်လည်း  ကြိုးစားတော့ ဖြစ်ကောင်း ဖြစ်နိုင်တယ် ဆိုတဲ့ စိတ်ကလေးတော့ ရှိခဲ့တယ်။

 “မိုးညအိပ်မက်မြူ” ဇာတ်ကား ရုံတင်တဲ့ အချိန်မှာ နေတိုးကို ဝေဖန်ကြတယ်။ တခြား ရုပ်ရှင်ကားတွေကို တော့  နေတိုးကို မဝေဖန်ဘဲ ဒီကားကျမှ ဝေဖန်တယ်နော်။ အဲဒီတော့ ကိုယ့်သရုပ်ဆောင် မှုကိုရော သံသယ  ၀င်ခဲ့မိသေးလား။

 မ၀င်ပါဘူး။ အဲဒီတုန်းက ကျွန်တော် ပြောပါတယ်။ အဓိကက စေတနာပေါ့နော်။ စေတနာထားပြီး လုပ်တယ်။ ဒီ Character  ပေါ်မှာ အရမ်း ဂရုစိုက်ထားတယ်။ ဝေဖန်တယ် ဆိုတာကလည်း ကျွန်တော်တို့ သေသေသပ်သပ် ကြိုးစားထားတယ် ဆိုတာ  သိတဲ့ အချိန်မှာ ပေါ်လွင်တဲ့ဟာကို ထောက်ပြမှပဲ ဝေဖန်ရေး ဆရာရဲ့ စာကို ပရိသတ်က စိတ်ဝင်စားမှာကိုး။ သေသေချာချာ  ထင်ထင်ရှားရှား ပေါ်ပေါ်လွင်လွင် လုပ်ထားတာကို ဝေဖန်ရေး ကဏ္ဍမှာ ထည့်တဲ့အတွက် သူတို့ ကဏ္ဍပေါက်ဖို့ စဉ်းစား  လိုက်တယ်လို့ပဲ ကျွန်တော် ဖြေတယ်။ ဘယ်လိုပဲ အဆိုး ဖြစ်နေပါစေ၊ ဘယ်လောက်ပဲ အကောင်း ဖြစ်နေပါစေ၊ အဓိကကတော့  မျှအောင်ပေါ့နော်။ ဘယ် လောက်ကြီး ပျော်ရွှင်စရာ ကောင်းပေမယ့်၊ ပျော်ရွှင်စရာ ဖြစ်အောင် ရေးပေမယ့် ကျွန်တော်က  အရမ်းကြီး မကျေနပ်တတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအပေါ်မှာ ကျွန်တော် ဆင်ခြင်ပြီး အမြဲ နေတယ်။ အဆိုးဆုံး  ဖြစ်လာတဲ့  အချိန်မှာလည်း၊ အဆိုးဆုံး ရေးတဲ့ အချိန်မှာလည်း အဲဒီ အဆိုးအပေါ်မှာ ကျွန်တော် အဆိုးမမြင်ပါဘူး။ ဒါပေမဲ့ သူ  ဝေဖန်တဲ့အပေါ်မှာတော့ သုံးသပ်မိတာပေါ့။ အဲဒီအချိန် မှာ နည်းနည်းပုဂိ္ဂုလ်ရေးဆန် တဲ့ အသိလောက်ပဲ ရှိလိုက် တယ်။  ကျွန်တော် အဲဒါကို ဒီလိုမျိုး ဝေဖန်ဖို့အတွက် အချိန်အခါ ရောက်လာတယ်လို့ ကိုယ့်ကိုယ်ကိုယ် တွေးတယ်။ ရှေးတုန်းက  ဘယ်သူ့ကိုများ ဒီလိုပြောခဲ့လဲ မသိ ဘူးဆိုတဲ့ စိတ်မျိုးပဲ ထားလိုက်တယ်။ ကိုယ်ပြောခဲ့လို့ ကိုယ့်ကို ပြန်ပြောတာပေါ့လေ။

 ဝေဖန် ခံရပေမယ့် အဲဒါနဲ့ပဲ ဆုဆိုတာကို ရခဲ့တယ်။ အဲဒီတော့ ဝေဖန်တဲ့ သူကို ဒီအချိန်မှာ ဘာပြောချင်လဲ။
  ကျွန်တော် အဲဒီလိုစိတ်မျိုး ထားခဲ့လို့ အခုလို ဆုရခဲ့တယ် ထင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ အဲဒီအပေါ်မှာမှ ကျွန်တော်  အပူတွေများပြီး သူ့ကို ပြန်ပြီး တွန်းလှန်ဖို့ ကြိုးစားတယ် ဆိုရင် ဘာမှလဲ မထူးခြားဘူးလေ။ ကိုယ့် စိတ်ထဲမှာ မကောင်းမြင်ဖို့  အတွက် ဒီလူတစ်ယောက်ကို မုန်းအောင် ကြည့်ရဦးမှာလေ။ ကြည့်ပြီးတော့မှ သူ ဝေဖန် ချင်လောက်အောင် ဖြစ်လာဖို့  အတွက်က ကျွန်တော့်ဆီမှာ သက်ရောက်မှုတွေက အပူ တွေဖြစ်နေတယ်လို့ ကျွန်တော် ထင်တယ်။ အခု အချိန်မှာတော့  သူလည်း အပူငြိမ်း သွားလောက်ပြီ ထင်ပါ တယ်။

 ကိုယ်ပြုတဲ့ကံ ကိုယ်ခံရတယ် ဆိုတဲ့ တရားနဲ့ ဖြေသိမ့်မှုကို လူငယ်တစ်ယောက် အနေနဲ့ ဘာလို့ ဖြေသိမ့်နိုင်  ရတာလဲ။
 ဓမ္မ ဆိုတာက အမှန် တရားလေ။ အမှန်တရား ဆိုတာက တကယ်လည်း ကိုယ်အရင်တုန်းက ဆုတွေ မရခဲ့ ဘူး။ အကြိမ်ကြိမ်  လွဲခဲ့တယ် ဆိုတာ ရဖို့ ကံတရား မပါလို့၊ အကြမ်းအားဖြင့် ပြောရရင် ကံဆိုတာက ကိုယ့်အလုပ်ပဲလေ။ အဲဒီလိုမျိုးပဲ  ယူဆထားတယ်။ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ မှန်ကန်ပြီး ရိုးသားမှု ရယ်၊ ကြိုးစားမှုရယ် ပေါင်းစပ်ရင် ကံဆိုတာက ကိုယ့်  ဘက်ကို ရောက်လာမှာပဲ။ ဒါပေမဲ့ ကံတရားက လုပ်ယူ လို့တော့ မရပါဘူး။ ကိုယ် အားထုတ်တဲ့ အချိန်မှာ စေတနာ မှန်ကန်ဖို့  လိုတယ်ပေါ့။ အဓိကက ကိုယ့်ရဲ့ ပစ် မှတ်က ဘာလဲ။ ပရိသတ်၊ ပရိသတ်ကို အဓိက ဦးစား ပေးပြီးတော့ ပရိသတ်ကို ဒီလို  ရသမျိုး အရင်တုန်းက အောင်မြင်ပြီးသား ကားကို ကိုယ်လုပ်ခွင့် ရတဲ့ အချိန်မှာ ကိုယ်က ဒီကားကို ဘယ်လောက်ထိ  အရောင်တင်ပေး နိုင်မလဲ၊ ကိုယ့် Character ကို အရင် ရသမျိုးလည်း မပျောက်အောင်၊ ကျွန်တော်တို့ လုပ်ချင်တဲ့ ပုံစံမျိုးလည်း  မပျောက်အောင် အဓိကကတော့ ကြိုးစားရတာပဲ။ အနုပညာ ဆိုတာ တစ်ယောက်ရဲ့ ဖန်တီးမှုနဲ့ တစ်ယောက် ဖန်တီးမှုက မတူ  နိုင်ဘူးပေါ့နော်။ မတူနိုင်မှု အပေါ်မှာ အကုန်လုံး လိုက် ယှဉ်ပြနေရင်တော့ မဖြစ်ဘူး လေ။ ကျွန်တော်ကတော့ အဲဒီလိုမြင်ခဲ့တယ်။  အဲဒါ ကြောင့်မို့လို့ ထင်တယ်။

 နေတိုး အနေနဲ့ အကယ်ဒမီဆု ရပြီးပြီ ဆိုတော့ ဆက်လက်ပြီး ဘယ်လို ဇာတ်ကားမျိုးတွေကို ပိုရိုက်ဖြစ်မလဲ။ အခု  အချိန်ကလည်း ရယ်စရာကားတွေ ရိုက်နေသေးတာ ဆိုတော့လေ။
 ကျွန်တော်ကတော့ ဈေးကွက်နဲ့ ပရိသတ်ပေါ်မှာပဲ ချိန်ပါတယ်။ ခေတ်ကာလ အရ ဟာသ ကားတွေကတော့ ရှိမှာပဲ။  တော်တော်များများလည်း ကျွန်တော် ရိုက်ပြီး သွားပြီဆိုတော့ ဒီနှစ်ထဲမှာ နည်းနည်းလေး ရောနေတဲ့ ဇာတ်ကားတွေ၊ အချစ်ကား  လေးတွေ ပါရင် ပါမှာပေါ့။

 ၂၀၁၀ အတွက် ချီးမြှင့်မယ့် ထူးချွန်ဆု အတွက် နေတိုး အကယ်ဒမီ မှန်းနိုင်တဲ့ကား ပါဦးမလား။
 ကျွန်တော့်ရဲ့ အစီအစဉ် ဇယားထဲမှာ ရုပ်ရှင်ဇာတ်ကား နှစ်ကားက ၂၀၀၉ ထဲကို ၀င်သွားတယ်။ အမှန်တကယ်က အဲဒီနှစ်  ကားက မ၀င်ရဘူးလေ။ ၂၀၁၀ ထဲမှာ ရှိနေရမှာလေ။ အဲဒီတော့ ၂၀၁၀ ထဲ မှာ အကယ်ဒမီ မှန်းနိုင်တဲ့ကား မရှိနိုင်တော့ဘူးပေါ့။

 အားလျော့ သွားတာမျိုး ဖြစ်မလား။
 အဲဒီလိုတော့ မရှိပါဘူး။ ကိုယ့်ရဲ့ကားတွေမှာ ဥပမာ ရယ်စရာကား လာမယ်၊ ပြီးရင် ဒရာမာကား လာမယ်၊ ပြီး ရင်  အချစ်ကားတွေလည်း လာမယ်လေ။ အဓိကက ကိုယ်လုပ်ရမယ့် ဟာနဲ့ ကိုယ့်ကို ကြည့်နေမယ့် ပရိသတ်ကို ရသပေးနိုင်ဖို့  ချိန်ပေးတာပဲ ရှိတယ်။ အကယ်ဒမီအတွက် ချိန်တာမျိုး မရှိဘူး။

 အခုအချိန်ကနေ နောက်ကို ပြန်ကြည့်ရင် နေတိုး စိတ်ကြိုက်၊ နေတိုး လုပ်ချင်တဲ့ သရုပ်ဆောင်မှုမျိုး လုပ်ခွင့်ရခဲ့  ပြီလား။
 လုပ်ပိုင်ခွင့်ထက် ကိုယ်လုပ်နိုင်အားပေါ် မူတည်ပြီး ရိုက်ကြတာ ပိုများပါတယ်။ အဓိကကတော့ ကိုယ်လုပ်ချင် တဲ့ဟာကို  မဖြစ်မနေ တောင်းဆိုခဲ့တဲ့ ကားမျိုးတော့ တစ်ကားမှ မရှိခဲ့ဘူးပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဇော်ကကနေသည် ဇာတ်ကားဆိုရင်  ကျွန်တော် ငြင်းခဲ့တဲ့ ဇာတ်ကားဖြစ်တယ်။ မရိုက်ပါဘူး၊ ကျွန်တော်နဲ့ မလိုက်ပါဘူးလို့ ငြင်းခဲ့တဲ့ ဇာတ်ကားပါ။ ကျွန်တော်  အကြိမ်ကြိမ် ငြင်းခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုမှ ငြင်းလို့ မရခဲ့ဘူး။ ငြင်းလို့မရတဲ့ အဆုံး ဦးမီးပွားက တာဝန်ယူပြီး မရရအောင်  ရိုက်မယ် ဆိုပြီး ရိုက်ခဲ့တာ။ ဇော်ဂျီ Character ကို နေတိုး လုပ်နိုင်တယ် ဆိုတာ သူသိတယ်တဲ့၊ မကြောက်ပါနဲ့၊ အသက်သွင်း  မယ်ဆိုပြီးရိုက်ခဲ့တယ်။ ဒါက ဒါရိုက်တာ အပေါ်မှာ ယုံကြည်မှု၊ ဒါရိုက်တာကလည်း ကျွန်တော့်ကို ယုံကြည်မှုပေး  တဲ့အခါကျတော့  ကျွန်တော့် စိတ်ထဲက အနုပညာ စိတ်တွေက မနေနိုင်တော့ဘူးပေါ့ လေ။ အဲဒီ သဘောနဲ့ လုပ် ဖြစ်သွားတာပါ။

 နေတိုးရဲ့ နာမည်ရှေ့မှာ အကယ်ဒမီ ဆိုတဲ့ စကားလုံး ရှိလာပြီဆိုတော့ ဘယ်လို တာဝန်တွေ ကြီးသွားပြီလဲ။

 ကျွန်တော် အကယ်ဒမီ ရပြီးပြီဆိုတော့ သရုပ်ဆောင်ကြေး ဘယ်လောက်တက်လဲလို့ မေးကြတယ်။ အကယ် ဒမီဆိုတာ  ကျွန်တော်က ရယူတာလို့၊ သရုပ်ဆောင်ကြေးကို ထပ်ပြီး ရယူရင် မတရားတာ ဖြစ်နေမှာပေါ့လို့၊ ဘာဖြစ်လို့လဲ ဆိုတော့  ကျွန်တော်က ရယူမှု အတွက် ပြန်ပြီး ပေးဆပ်ရ တယ်လို့၊ ကျွန်တော်ရိုက်မယ့် ကားတွေကို ကျွန်တော် သူများနဲ့ မတူအောင်  လုပ်တာတော့ မဟုတ်ဘူးလို့၊ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ အသိစိတ်ပေါ့နော်။ တကယ်လည်း ကျွန်တော် ၂၀၁၁ ထဲမှာ  အရင်ထက် ပိုက်ဆံလျှော့ယူ ထားတယ်။

 ဘယ်လိုကြောင့်လဲ။
 ကျွန်တော့်ရယူမှု အတွက် ပြန်ပေးဆပ်တာပါ။ ကျွန်တော့် ဇာတ်ကားတွေထဲ မှာပဲ အဲဒီ ပိုက်ဆံတွေကို ပြန် ထည့်မယ်။ ကျွန်တော့်  အတွက် သိန်း ၆၀ ပေးတယ် ဆိုရင် ၁၀ သိန်း၊ ၈ သိန်း၊ ၉ သိန်းလောက် ညှိပြီး လျှော့ ပေးတယ်။

 တခြားသူတွေက နာမည်ကြီးလာပြီ၊ အကယ် ဒမီရပြီဆို ဈေးတိုးပြီး ယူတာနော်။
 ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်ကို တောက်လျှောက် ရိုက်လာတဲ့ ကမ်းထရီး စတား ထုတ်လုပ်ရေးတို့ လို၊ တခြားအများကြီး  ရှိတာပေါ့နော်။ သူတို့တွေက ကျွန်တော့်ကို တကယ်လည်း အကယ်ဒမီ ရစေချင်ကြတယ်။ ရှေ့မှာ အများကြီး မှန်းခဲ့ကြတယ်  ဆိုတော့လေ။ ရုပ်ရှင် ကားကြီးမှာ အကယ်ဒမီ နေတိုးဆိုပြီး ရေးမယ်ပေါ့။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ သတ်မှတ်ချက်တစ်ခု  ရှိတယ်။ အကယ်ဒမီတော့ ရတယ်၊ အကယ်ဒမီကို ရတာက ဘယ်သူလဲ၊ ကျွန်တော့် စိတ်ထဲမှာ အကယ်ဒမီ ရတာသည်  ကျွန်တော် မဟုတ်ဘူးလို့ ယူဆထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မောင်ညိုမှိုင်း ဆိုတဲ့ ဇာတ်ကောင်က အကယ်ဒမီ  ရသွားတာလေ။ အဲဒီတော့ မောင်ညိုမှိုင်း ဆိုတဲ့ ကိစ္စက ကျွန်တော့်ရဲ့ အတိတ်မှာ ကျန်ခဲ့ပြီ။ အဲဒီတော့ နေတိုးကို အကယ်ဒမီ  ပေးတယ် ဆိုပေမယ့် မောင်ညိုမှိုင်းဆိုတဲ့ Character သာ မရှိခဲ့ရင် ကျွန်တော် အကယ်ဒမီ ရမှာ မဟုတ်ဘူး။ အကယ်ဒမီ  မောင်ညိုမှိုင်းသာ ဖြစ်တယ်။ အကယ်ဒမီ နေတိုး မဟုတ်ဘူး။

 အကယ်ဒမီ နေတိုးဖြစ်တဲ့ အတွက် အလုပ်တစ်ခုလုပ် မယ်ဆိုရင် သြော် အကယ်ဒမီ နေတိုးပဲ ဆိုတဲ့ ဖိအား မရှိဘဲ အကယ်ဒမီကို  မောင်ညိုမှိုင်းနဲ့ တွဲထားတာကြောင့် နေတိုးမှာ အကယ်ဒမီနဲ့ ပတ်သက်ပြီး ဘာဖိအားမှ မရှိဘူးလို့ နေတိုး က ဆိုပါတယ်။

 အကယ်ဒမီ နေတိုး ဆိုပြီး ဖြစ်လာချိန်မှာ ဖြစ်ပေါ်တဲ့ နေတိုးရဲ့ စိတ်ခံစားမှုများကို ရွှေအမြုတေ ပရိသတ်များ သိစေနိုင်မယ်  ထင်ပါတယ်။ မေးမြန်းမှုကို ဇာတ်ကားရိုက်ရင်း အချိန်လုဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင် ရှိပါတယ်။ ရွှေအမြုတေ မဂ္ဂဇင်း  မျက်နှာဖုံး ရိုက်ကူးမှု အတွက် အကောင်းဆုံး ရိုက်ကူးပေးတဲ့ ဓာတ်ပုံကိုလင်း (Studio-K) ကို ကျေးဇူးတင် ရှိပါတယ်။  အကယ်ဒမီ  မောင်ညိုမှိုင်း သို့မဟုတ် အကယ်ဒမီ နေတိုး ဒါမှမဟုတ် နေတိုး ဆိုတဲ့ နာမည်ရှေ့မှာ ဘာမှ မတပ်ချင်တဲ့  နေတိုးကိုလည်း  ရွှေအမြုတေမှ ကျေးဇူးတင်ရှိ ကြောင်း ဆိုချင်ပါတယ်။
myanmarmovie
 Source from
 (ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၁)

Top

 1 » 2 » 3 » 4 » 5 » 6 » 7 » 8
   Main Page
   Review
   History of Myanmar Movies
   Actor & Actress Links
   Models
   Directors
   Celebrities News
   Movies Music & Sound
   Asian Movies
English
Chinese
Korean
Thai
Indian
   Myanmar Movie Category
Drama
Comedies
Edutainment
Documentary
   Myanmar Videos
   Myanmar Movies Online (Free / Pay)
   Myanmar Movies with English Subtitles
   Myanmar Movies News & Discussion
   Myanmar Movies Publications
   Buy Phone Card
   Contact Us

Copyright 2009 All Right Reserved by MYANMAR MOVIES. Prepared by DPS. Developed by SLM (20th July 2010)

free hit counters